မေမေ ဖွားဖွားတို့နဲ့အတူ ဘားအံ သွားလည်တယ် ... ဟိုနေ့တုန်းက။
မေမေ့ရဲ့ သူငယ်ချင်းနဲ့အတူ ဓာတ်ပုံ တွဲရိုက်တယ်။
ရွာကနေ မြို့ကို သွားလည်ရတာ သိပ်ကောင်း။
စောသာရှီး မြို့ရောက်တော့ ကြိုဆိုမှုက သိပ်ကောင်းတယ်။
ရွာမှာတော့ ကောင်းတယ်လို့တော့ ပြောလို့ မရဘူးပေါ့၊ စောသာရှီးကို ဖိုးရုပ်ဆိုးလေးလို့ ခေါ်သူတွေ ရှိတယ်။ နောက်မှ မြင်ပါများမှ ကြည့်ရ အဆင်ပြေသွားတယ်လို့တောင် ဆိုသူက ဆိုကြတယ်။
ကလေးမှန်သမျှ ချစ်စရာ ကောင်းနေတာပဲ မဟုတ်လား။
စောသာရှီးလည်း ကလေး ဆိုတော့ ချစ်စရာပါပဲ။
သူ့အစ်ကိုနဲ့ မတူလို့ ဖိုးရုပ်ဆိုး ခေါ်ချင်ကြ ဆိုပဲ။
ပြောတဲ့သူတွေ မသိတာက ... သူ့အစ်ကိုလည်း ဒီအရွယ်တုန်းက ဒီပုံစံ ဒီမျက်နှာပေါက်ပါပဲ။
နည်းနည်း ကြီးလာလို့ ရုပ်ပြောင်းသွားတာ။
မိုးမိုး (မေမေ) ရဲ့ သူငယ်ချင်းရှိတဲ့ ဘားအံကို နေ့ခင်း သွားလည်ကြတယ်။
လည်ပြီး ရွာပြန်ရောက်တော့ မိုးချုပ်ပြီ။
ဒီပုံက ညနေဘက် လူကြီးတွေ ဝါးဒီးဖွင့်နေကြတုန်း စောသာရှီး ဝပ်ကျင်းထဲ ငိုက်နေတဲ့ပုံပါ။
အစားအသောက် ဈေးမကြီး၊ အရသာ ရောင်းတန်းဝင်တဲ့ဆိုင်ပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သင့်ကြောင်း ဝါဒဖြန့်တဲ့ဆိုင်လည်း ဖြစ်ပါတယ်။ သင်တန်းတွေအတွက်လည်း နေရာ ရှိတယ်။ မိုးလုံတဲ့နေရာပေါ့။ လေတော့ မလုံဘူး။ ရှုခင်း ကောင်းတယ်။ မြက်ခင်းလည်း စိုက်ထားတယ်။
ဆိုင်နာမည် Veranda ဆိုတော့ ဝရံတာလို့ အဓိပ္ပာယ်ရတယ်။ ဇွဲကပင်ခန်းမနဲ့ သိပ်မဝေးပါ။
tripadvisor.com မှာတော့ မှတ်ချက်ပေးထားသူ သုံးဆယ်ကျော် ရှိတယ်။ နိုင်ခြံဂါးသားတွေ လက်ဆော့ထားတာပါ။ ဖတ်ချင်ရင် အောက်က လင့်ကို ကလစ်ရုံသာ။
https://www.tripadvisor.com/Restaurant_Review-g3601197-d7385165-Reviews-Veranda_Youth_Community_Cafe-Hpa_An_Kayin_State.html
ဆိုင် အပြင်အဆင် ကောင်းတယ်၊ ဆိုင်ဖွင့်တဲ့ ရည်ရွယ်ချက် ကောင်းတယ်၊ လူငယ်တွေ ပညာရှာ ကွန်ရက်ဖွဲ့နိုင်တဲ့ ရည်ရွယ်ချက်လို့ ယူဆရ။
ခြင်တော့ နည်းနည်း ရှိသဗျ ညနေပိုင်းဆိုတော့။ ခြင်အကိုက်မခံချင်ရင်တော့ မှန်လုံခန်းရှိတဲ့ဆိုင် ရွေးရုံပေါ့။ မြန်မာပြည်မှာ နေသရွေ့ ခြင်ကြောက်နေလို့ မဖြစ်။
သုံးလပြည့်ဖို့ ဆယ်ရက်အလိုမှာ ကျန်းမာစွာ တွေ့ရတဲ့ စောသာရှီး။
သူ့ကိုကြည့်ပြီးစကားပြောရင် သူလည်း သူတတ်သလောက် မှတ်သလောက် ပြန်ပြောတတ်နေပြီ။ အင်းအင်း အဲအဲ ဆိုတဲ့ စကားလုံးတွေနဲ့ပေါ့။
လူကြီးတွေ ကျေနပ်အောင် ပြန်ပြောပြ၊ ပြန်ပြုံးပြရတာ အမောပေါ့။
သူ လုပ်ရကျိုးနပ်ပါတယ်၊ လူကြီးတွေ ကျေနပ်သွားကြပါလေရော။
၁။ အနှီးနဲ့ပုံက သားငယ် ရွာမသွားခင် ကလေးဆရာဝန်နဲ့တွေ့တုန်းက ရိုက်ထားတာ။
၂။ ဇလားထဲ ရေချိုးတာက ရန်ကုန်အိမ်မှာ။
၃။ မျက်နှာအနီးကပ်ပုံက ဟိုတလောက ရွာမှာ ရိုက်ထားတာ။ သူ့ကို ရိုက်တာတော့ မဟုတ်ဘူး၊ အင်္ကျီတံဆိပ်ကို ရိုက်တာ။ အဲဒီတံဆိပ်ကြည့်ပြီး ရန်ကုန်မှာ လိုက်ဝယ်ဖို့။ ဆိုင်တွေ နှံ့နေပြီ၊ Ruby Mart မှာပဲ လက်ကျန် ၂ ထည် တွေ့လို့ ၀ယ်ထည့်ပေးလိုက်တယ်။
၎။ နဲ့ ၅။ ကလည်း ရွာမှာပဲ။ သူရေချိုးတော့ သူ့အစ်ကို ဆပ်ပြာထည့်ပေးတယ်။
စောသာရှီးရဲ့ ကိုကို စောဝါးဝါးရှီး။
လက်ဆောင် ရလာတဲ့ အင်္ကျီ နဲ့ လက်အိတ်တွေကို ခပ်တည်တည် ယူဝတ်ပြီး အိပ်ပျော်နေတုန်း ဖေဖေ ရိုက်ထားတာ။
ပေးလိုက်တာက မကြာခင် မွေးလာတော့မယ့် စောသာရှီးအတွက်။
အဲဒါကို သူ ယူဝတ်တာလေ၊ အခုတော့ ဓာတ်ပုံအရိုက်ခံရပြီး အင်တာနက်မှာ အတင်းပြောခံရပြီ...ကောင်းပါလေ့။

ဒီမနက် အငယ်ကောင်နဲ့ အကြီးကောင် အအိပ်ပြိုင်နေကြတာလေ။
အငယ်ကောင် နိုင်မှာပါ။
အငယ်ကောင်က မေလလယ်မှာ မွေးတယ်။ လာမယ့် ၁၆ ရက်နေ့ဆို ၁ လ ပြည့် ပြီ။
၁ လ ပြည့် မွေးနေ့ အထိမ်းအမှတ် ဘာကျွေးရင် ကောင်းမလဲ။ အဲဒီနေ့က စနေနေ့။ မိတ်ဆွေတွေ လာနိုင်ပါ့မလား။ အိမ်ကလူတွေရော ချက်နိုင်ပါ့မလား။
ဟိုနေ့က သူ့နဲ့ မိတ်ဆက်ပေးတော့ မတ်လလယ်လို့ မှားရေးမိတာ။ ကျနော့် အယ်ဒီတာက ထောက်ပြမှ အဲဒီအမှား တွေ့ရတား)
အငယ်က ကျန်းမာပါတယ်။ အိပ်တယ်။ ဗိုက်ဆာရင် အော်ငိုတယ်။ ပြန်အိပ်ခါစ ဆိုရင် တချက် ပြုံးတယ် သူ့အကိုလိုပဲ။
သူ့မေမေကတော့ အလုပ်အများဆုံးအမျိုးသမီး ဖြစ်နေတာပေါ့။
အလုပ်များရတဲ့အကြောင်းရင်းထဲမှာ မနေ့က ဈေးဝယ်ထွက်တာမျိုးလည်း ပါမှာပါး) ကလေးအတွက် လိုတာတွေ လိုက်ဝယ်ရမယ်လို့ ပြောတာပဲ။
ရာထူးတက်လာတော့ ထုံးစံအတိုင်းပဲ အကြီးကောင်က နည်းနည်း ဆိုးသွမ်းလာတယ်။ သူ နာမည်ပြောင်တခု ထပ်ရတယ်။ လူဆိုးကြီး။
တောင်းဆိုချက်တွေ သိပ်များလာတယ်။ အရုပ်တွေ ထပ်ဝယ်ခိုင်းတာမျိုးလေ။
သားနှစ်ယောက်အဖေ ဖြစ်ရတာ ကောင်းပါတယ်။ ဇာနည်ဝင်းနှင့်သားများ ဆိုတဲ့ နာမည်နဲ့ ဆိုင်တွေ ဘာတွေ ဖွင့်လို့ရပြီ။
အခုတော့ သားများရဲ့ဖေဖေလည်း အိပ်ရေး သိပ်မဝ။ မနက်က အိပ်ယာထနောက်ကျလို့ ရုံးတက် နည်းနည်းနောက်ကျ။
ဘယ်ကိုမှလည်း သွားမလည်ဖြစ်။
-----------------------------------
စနေနေ့ကတော့ နာရေး ပို့ဖြစ်တယ်။ ကိုမင်းနိုင် နာရေး။
ကြောင်တွေ ခွေးတွေကို ချစ်တဲ့ နိုင်ငံရေးသမား၊
ထောင်နှုတ်ခမ်းပေါ် ကာလအတော်ကြာကြာ ပြေးလွှားနေထိုင်ခဲ့တဲ့ နိုင်ငံရေးသမားပါ။
သူရှင်သန်နေတုန်းက သူ့ကို သူ့မိသားစု မပိုင်ဆိုင်သလိုမျိုး ဖြစ်ခဲ့လိမ့်မယ်။
နာရေးမှာလည်း သူ့မိသားစုရဲ့ ကဏ္ဍ ပျောက်သလို ဖြစ်နေတယ်။ ဒီမိုကရေစီအရေး
လှုပ်ရှားမှုက သူ့ကိုသာမက သူ့နာရေးကိုပါ သိမ်းပိုက်လိုက်တယ်လို့ တင်စားပြီး
ပြောကြည့်ချင်တယ်။
မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်တွေ အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ သူ့နာရေးမှာ စုဝေးကြတယ်။
ဈာပနအခမ်းအနား အချိန်ယူ ကျင်းပကြတယ်။ သူ့ကို ဂုဏ်ပြုကြတယ်။ လွမ်းဆွတ်ကြတယ်။ ဂူသွင်းကြတယ်။ အမှတ်တရအစီအစဉ်တွေ လုပ်ကြမယ်။ သတိရကြမယ်။
လူ့ဘောင်သစ်ပါတီ တစ်ခုထက် ပိုပြီး ကွဲနေပေမယ့် သူ့နာရေးကိုတော့ ကွဲနေတဲ့သူတွေ စုဝေးပြီး လုပ်ကြတာကို သူမြင်ရင် ဝမ်းသာမယ် ထင်တယ်။
-------------------------------------
မနေ့က တနင်္ဂနွေဆိုတော့ အားလပ်ချိန် နားနားနေနေ နေတဲ့အချိန် ပိုရတယ်။
လခစားအလုပ်ကို ဒီအချက်ကြောင့် သဘောကျတယ်။
ကိုယ်ပိုင်အလုပ်ဆိုရင် တနင်္ဂနွေပိတ်ရက် ရှိချင်မှ ရှိမယ်လေ။
ပိတ်ရက်မှာ ရုပ်ရှင်ကြည့်တယ်။ ကုလားကား။ အင်မတန်ကောင်း။ ကုလားဖြစ်ချင်စိတ်တောင် ပေါက်သွားတယ်။
အိန္ဒိယ - ပါကစ္စတန်နယ်စပ်မှာ ပျောက်သွားတဲ့ ကလေးကို နေရပ်ရင်း ပြန်ရောက်အောင် လူရိုးလူဖြောင့်ကြီးတယောက်က ကြိုးပမ်းတဲ့ ပညာပေးကား။ သူက ဟာနုမာန်ကို ကိုးကွယ်တယ်။ မျောက်တွေ့တိုင်း လက်အုပ်ချီတော့တာပဲ။
--------------------------------------
ဒီနေ့ ရုံးပြန်တက်တယ်။
မန္တလေးမှာ ဘီဘီစီသတင်းထောက် ကိုနေလင်း ထောင်သုံးလ ချခံရတဲ့သတင်း တက်လာတယ်း(
--------------------------------------
မိခင်နဲ့ ကလေး ကျန်းမာ၊ အဆင်ပြေ။
ပထမမြောက်သားတုန်းက ခွဲမွေးတာ။ ဒီတယောက်ကိုတော့ သဘာဝအတိုင်း မွေးချင်တယ်ဆိုတဲ့ မိခင်ရဲ့ဆန္ဒ ပြည့်ဝပါတယ်။
တွေ့ခဲ့တဲ့ဆရာဝန်များကတော့ ခွဲဖို့ မဲပေးကြတယ်။
အသက်လည်း သိပ်မကြီးသေးဘူး... ပြီးတော့ ခွဲထားတာလည်း ၄ နှစ် ရှိပြီ ဆိုတာကတော့ အားသာချက်တွေပေါ့လေ။
ကလေးက ၈ ပေါင် ပြည့်ဖို့ ၁ အောင်စ လို။
အမည် မပေးရသေး။
အမည် သူ့မေမေ ပေးပါစေ။ ရိုးရိုးရှင်းရှင်း ပေးဖို့၊ ရှည်လျား ပေမများဖို့တော့ တောင်းဆိုချင်တယ်။
မြန်မာနာမည်ပေးစေချင်တယ်။
မြန်မာအမည် မဟုတ်ရင် စာသင်ခန်းထဲ အနိုင်ကျင့်ခံရမလား စိုးရိမ်လို့ပါ။
ကလေးက ကျန်းမာတယ် ဆိုပေမဲ့ မျက်နှာ နည်းနည်း ဝါတယ်။
ဆရာဝန်က လိုလိုမယ်မယ် စစ်ပေးပါတယ် - ဆေးရုံမှာရှိတုန်း ဖနောင့်ဖောက်ပြီး သွေးယူစစ်တာ နှစ်ခါ - အဖြေက ကျန်းမာ၏ တဲ့။
မွေးပြီး တပတ်ပြည့်ချိန် ချိန်းထားတဲ့အတိုင်း သွားပြတော့ မျက်နှာ ဝါနေတုန်းဆိုတော့ ဖနောင့် ထပ်ဖောက်ပြန်တယ်။ သူနာပြုက ဖနောင့်ကနေ သွေးယူတာ ၂ မိနစ်လောက် ကြာတယ်၊ မကျွမ်းကျင်တာလား ပြာယာခပ်တာလား မစေ့စပ်တာလား မသိ၊ လှမ်းမြင်နေရတယ်၊ မှန်နံရံခြားပေမယ့် ကလေးငိုသံ ကြားနေရလို့ စိတ်မကောင်းဘူး။
သွေးအဖြေ တနာရီအကြာမှာ ထွက်လာတယ်၊ ပုံမှန်ပါပဲ တဲ့။
ဒီနေ့လည်း ဆရာဝန်နဲ့ ချိန်းထားပြန်တယ်။
ဖနောင့်ထပ်ဖောက်ဖို့ပြောရင်တော့ ငြင်းလိုက်မယ်။
ကလေးပုံ ချက်ချင်း မတင်ရခြင်း အကြောင်းရင်းက ဆေးရုံ လာကြည့်ကြမှာစိုးလို့ပါ။ သိတဲ့အတိုင်းပဲ... ရန်ကုန်မှာက သွားရေးလာရေး ခက်တယ်၊ အချိန်လည်း ဆင်းရဲကြတယ် မဟုတ်လား။ ။
စောသာရှီး ဗိုက်ထဲမှာ ရှိနေတုန်း တွေ့ရတဲ့ မေမေ နဲ့ ဦးဦး။
ရွာသူကြီးရုံးကို ရောက်လာတဲ့ အမတ်မင်းတယောက်ကို လာတွေ့ကြတာလေ။
မွန်ပြည်နယ် ဆိုတော့လည်း သူတို့တွေပြောတဲ့စကားထဲ ကျောက်မိုင်းလုပ်ငန်းအကြောင်းပဲပေါ့။
လုပ်ငန်းရှင်က တောင်ဖြိုရတာ သဘောကျတယ်၊ ဒါမှ အိတ်ဖောင်းမယ်။ ဒေသခံတွေက ကျောက်မိုင်းတွေရဲ့ဒဏ်ကြောင့် ကျောကော့နေပြီ။
အမတ်မင်းက နှစ်သိမ့်ဆွေးနွေးနေတာ ဖြစ်ပါလိမ့်မယ်။
ဒေသခံတွေက ကိုယ့်ရပ်ရွာလေးကိုပဲ အာရုံစိုက်တယ်။
အမတ်မင်းကတော့ ရွာသူရွာသားတွေရော၊ နေရာအများအပြားမှာ ဖြစ်ပျက်နေတဲ့ အလားတူ ကိစ္စတွေရော အာရုံစိုက်ရဖွယ် ရှိတယ်။
လုပ်ငန်းရှင်တွေက စည်းကမ်းအတိုင်း မလုပ်ကြဘူး။ စီးပွားရေးစည်းကမ်း လူ့စည်းကမ်းကို သောက်ဂရုစိုက်ကြတာ မဟုတ်။
အရပ်ဖက်အဖွဲ့အစည်းတွေလည်း အားသိပ်မကောင်းသေးဘူးလို့ ဆိုရမယ်။
စောသာရှီးတို့ လူ့လောကထဲရောက် အရွယ်ရောက်တဲ့အခါ တောင်တချို့ ရှိတော့မှာ မဟုတ်ဘူး။
ဘိုးဘွားတွေညံ့ချက်လို့ပဲ ဆိုရမလား။ ။
မေမေ ကွေ့သယို စားရတော့မယ် ဆိုပြီး ကျေနပ်နေတဲ့ပုံ။
ကွေ့သယို ဆိုတာ ကွေ့တီယိုရဲ့ အသံထွက်နောက်တမျိုးပေါ့။ ယိုးဒယားစတိုင် ဆန်ခေါက်ဆွဲ။
စောသာရှီး မမွေးခင် နှစ်လ အလိုတုန်းက။ သင်္ကြန်အပြီး ရိုက်ထားတာ။ မော်လမြိုင် ရန်ကုန် ကားလမ်းပေါ်က လမ်းဘေးဆိုင်တဆိုင်။
(ဓာတ်ပုံ - ဖေဖေ)